စက်ဘီးကလေးတွေ
- Jon Par Htaw
- Jan 23, 2022
- 2 min read
၁
_ဦးဆံုးစက်ဘီး_

ပထမဆုံးစက်ဘီးလေးကိုငါရတော့ ပထမတန်းနွေရာသီကျောင်းပိတ်ရက်တွေပေါ့။ ငါနဲ့အသက်ဆယ်နှစ်လောက်ကွာတဲ့ ငါ့တစ်ဝမ်းကွဲအစ်ကိုတွေငယ်ငယ်တုန်းကစီးခဲ့တဲ့စက်ဘီးဆိုတော့ တော်တော်လေးဟောင်းနေပြီ။ ငါ့ဖေဖေက ဖိုးဖိုးတို့အိမ်ရဲ့အောက်ထပ်က ပစ္စည်းအဟောင်းတွေထားတဲ့ ဂိုဒေါင်ထဲကနေယူလာပြီး လိမ်နေတဲ့ဘီးခွေတွေနဲ့ တာယာတွေကို လဲပေးတယ်။ စက်ဘီးက ငါ့အရပ်နဲ့အနေတော်ပဲ။ အပြာရောင်တောက်တောက်လေးဖြစ်ခဲ့မယ့် ဘားတန်းရော၊ လက်ကိုင်ရိုးရောက အခုတော့အရောင်တွေမှိန်နေပေမယ့် ခပ်ဝိုက်ဝိုက်နဲ့ ချစ်စရာကောင်းတယ်။ တစ်စီးလုံးနီးပါး သံချေးကွက်တွေ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ရှိနေတာက လွဲလို့ပေါ့လေ။ ရှေ့ဖင်ထိုင်ခုံက ကော်အမာသား အဖြူရောင်လေး။ အလယ်တည့်တည့်မှာ အောက်ကထောက်ထားတဲ့ သံပိုက်အရာအတိုင်း အက်ကွဲကြောင်းလေးထင်လို့။ ကြာနေပြီဆိုတော့ ကော်တွေစားကုန်လို့ ခုံကချောင်ပြီး နောက်ကိုလည်လည်သွားသေးတယ်။ အဲတာနဲ့ ကျပ်သွားအောင် သံပိုက်ကိုအဝတ်စလေးပတ်ပြီးမှ ထိုင်ခုံကိုပြန်စွပ်ထားရတယ်။ နောက်ခုံက နဂိုကတော့ ဖော့အိအိလေးဖြစ်မှာပေါ့။ ငါ့ဆီရောက်တော့ သံဖရိန်ပဲကျန်တော့လို့ ဖေဖေက သံဖရိန်အရာခပ်ဝိုက်ဝိုက်လေးအတိုင်း သစ်သားပြားကို ရွေဘော်ချောနေအောင်ထိုးပြီး မူလီနဲ့စုပ်ထားပေးတယ်။ နှမျောလို့ စာအုပ်တွေမှာတောင်မကပ်ရက်ဘဲ ပထမတန်းတစ်နှစ်လုံး စုထားတဲ့ငါ့စတစ်ကာလေးတွေနဲ့ သံချေးကွက်ဖြစ်နေတဲ့နေရာတွေကိုဖုံးအောင် လိုက်ကပ်လိုက်တာ ရှိသမျှစတစ်ကာတွေ ကုန်ပါလေရော။ ဒါတောင် တချို့နေရာတွေကျန်ခဲ့သေးတယ်။
ပြင်ရမယ့်ဟာတွေအကုန်ပြင်ပြီးတော့ စက်ဘီးအဟောင်းလေးက တော်တော်လှလှလေး ဖြစ်သွားတယ်။ ငါသိပ်ပျော်တာပေါ့။ အဲဒီတုန်းက ငါစက်ဘီးမစီးတတ်သေးပါဘူး။ ဒါပေမယ့် စက်ဘီးရပြီးတော့ ငါ့မေမေကမန်ကျည်းသီးတို့၊ ကြက်သွန်တို့သွားဝယ်ခိုင်းရင် စက်ဘီးပေါ်တက်ထိုင်၊ ခြေထောက်နှစ်ဖက်လုံးထောက်ပြီး စီးသွားတာပဲ။ ဈေးဆိုင်ကအပြန် စက်ဘီးတစ်ဖက်၊ ကြက်သွန်အိတ်တစ်ဖက်နဲ့ မနိုင်မနင်းတွေဖြစ်ပြီး စက်ဘီးလည်းမှောက်၊ ကြက်သွန်တွေလည်း အကုန်ပြန့်ကျဲကုန်တယ်။ ကြက်သွန်တွေမှောက်တာက တစ်လုံးချင်းပြန်လိုက်ကောက်လို့ရသေးတယ်။ ဆန်သွားဝယ်ပြီးအပြန်မှာမှောက်တဲ့အခေါက်ကျတော့ ငါအရိုက်ခံရတော့တာပဲ။ မှောက်ကျသွားတဲ့ဆန်တွေကို ငါပြန်ကြုံးထည့်ပြီး မေမေ့ဆီယူသွားတော့ သဲတွေ၊ ကျောက်စရစ်တွေပါ ပါသွားတာကိုး။
စက်ဘီးရပြီးသုံးလေးရက်လောက်နေတော့ ဒူးခေါင်းမှာ အပြဲအကွဲဒဏ်ရာတွေအများကြီးနဲ့ ငါစက်ဘီးစစီးတတ်သွားတယ်။ အဲဒီကတည်းကရင် ဘယ်သွားသွား အဲဒီစက်ဘီးနဲ့ပဲ။ စာအုပ်အငှားဆိုင်သွားတယ်။ မေမေခိုင်းတဲ့ဆီကိုသွားတယ်။ ကျောင်းသွားတယ်။ ဘယ်မှသွားစရာမရှိရင် သူငယ်ချင်းတွေနဲ့ မြို့အထွက်ကတောင်ကုန်းတွေထိနင်းသွားပြီး အဲအပေါ်ကနေ စက်ဘီးကိုဘရိတ်မညှစ်ကြေးဆိုပြီး တရှိန်ထိုးနင်းချတမ်းဆော့ကြတယ်။ ဘရိတ်ညှစ်တဲ့သူကအရှုံးပဲ။ ငါဘယ်တော့မှ မရှုံးဖူးဘူး။ ဒါပေမယ့် ပထမနေရာလည်း ဘယ်တော့မှမရဘူးရယ်။ ငါတို့အဖွဲ့ထဲမှာ ငါ့ထက်ဆရာကျတဲ့သူတွေရှိသေးတယ်လေ။
ငါလေးတန်းရောက်တော့ စက်ဘီးလေးက တော်တော်ဟောင်းသွားပြီ။ ငါအရပ်ရှည်လာပေမယ့် သူကလိုက်ရှည်မလာတော့ ငါစက်ဘီးနင်းလာရင် စက်ဘီးကိုမမြင်ရဘူးလို့တောင် သူငယ်ချင်းတွေက စ,နေကြပြီ။ ဒါပေမယ့် ရသလောက်တော့ ငါဆက်စီးနေတာပဲ။ စမုတ်တံတွေကျိုးပြီးစီးလို့မရသေးတာနဲ့ ပြင်ဖို့ ဖေဖေအားတဲ့အချိန်ကိုစောင့်နေတုန်း မေမေက သံအဟောင်းဝယ်တဲ့သူတွေဆီ ရောင်းလိုက်တယ်။ ငါတအားဝမ်းနည်းသွားတာမေမေသိတော့ ငါးတန်းတက်ရင် စက်ဘီးအသစ်ဝယ်ပေးမယ်လို့ချော့တယ်။ ငါရဲ့ပထမဆုံး အဲဒီစက်ဘီးလေးကို နာမည်တောင်မပေးလိုက်ရပေမယ့် နာမည်မရှိတဲ့ ငါ့စက်ဘီးလေးက ငါနဲ့သုံးနှစ်ကျော်အတူတူရှိပေးခဲ့ရှာတယ်။
၂
_ပန်းကလေး_

လေးတန်းနွေရာသီကျောင်းပိတ်ရက်တွေကတော့ ပျင်းစရာအကောင်းဆုံးပဲ။ ဆော့ရင်းနဲ့ ခြေကျင်းဝတ်အဆစ်ပြုတ်သွားတော့ တစ်နွေလုံးနီးပါး ငြိမ်ငြိမ်လေးထိုင်ပြီး ဆေးကုနေရတယ်။ စက်ဘီးလည်းမစီးရဘူး။ ဆော့လည်းမဆော့ရဘူး။ ကာတွန်းစာအုပ်ပဲလှိမ့်ဖတ်နေရတယ်။ ငါးတန်းတက်တော့ မေမေကသူ့ကတိအတိုင်း မြို့ကြီးကအပြန် စက်ဘီးတစ်စီးဝယ်လာပေးတယ်။ ကားပေါ်ကနေ ကတ်ထူပြားကြီးတွေနဲ့ပတ်ပြီးချည်ထားတဲ့ စက်ဘီးကို ချနေတာမြင်တော့ အိမ်ထဲကနေ ကားဆီကိုဆွေ့ခနဲရောက်သွားပြီး ခုန်ဆွခုန်ဆွလုပ်နေတော့တာပေါ့။ ပွန်းကုန်မှာစိုးလို့ ဖြည်းဖြည်းချင်းချပေးနေတဲ့ ကားဆရာဦးလေးကြီးတွေကိုတောင် ငါ့မှာစိတ်မရှည်နိုင်တော့တဲ့အထိပဲ။ ကတ်ထူကိုခွာချလိုက်တော့ ပျော်လွန်းလို့ “အွီး” ခနဲတောင် ထအော်မိတယ်။ ပန်းရောင်စက်ဘီးလေးက ဘားတန်းတွေ၊ ချိန်းအဖုံးတွေမှာ ရောင်စုံပန်းနွယ်၊ ပန်းခက်လေးတွေနဲ့။ သိပ်လှတာပဲ။ ဒီတစ်ခါကျ လက်ကိုင်ရော၊ ဘားတန်းရောက ပထမစက်ဘီးလို အဝိုက်လေးတွေမဟုတ်တော့ဘဲ တန်းတန်းလေးတွေ။ အရှေ့ထိုင်ခုံရော၊ နောက်ကထိုင်ခုံရောက ဖော့အိအိလေးတွေနဲ့။ ဒီလောက်လှနေပြီကို ရှေ့မှာပစ္စည်းတွေထည့်ဖို့ ခြင်းလေးပါပါလိုက်သေးတယ်။ ငါ့အရပ်နဲ့စာရင် နည်းနည်းလေးမြင့်တော့ အရင်ဘီးလို ထိုင်ခုံပေါ်ထိုင်နေရင် မြေကြီးပေါ်ခြေထောက်ထောက်လို့မမီတော့ဘူး။ စစီးစီးချင်းတော့ နည်းနည်းခက်တယ်။ ဘားတန်းကလည်း အရင်ဘီးလိုအဝိုက်လေးမဟုတ်တော့တဲ့အပြင်ကိုမှ မြင့်လည်းမြင့်တော့ ခဏခဏတိုက်တိုက်မိတယ်။ တစ်ပတ်လောက်ကြာတော့လည်း နေသားတကျဖြစ်သွားတာပါပဲ။ စက်ဘီးအသစ်စက်စက်လေးကို နှမြောလွန်းတော့ ဘားတန်းတို့၊ လက်ကိုင်တို့မှာ ဆေးပွန်းမှာစိုးလို့စွပ်ပေးလိုက်တဲ့ လေပူဖောင်းလေးတွေအများကြီးနဲ့ ပလပ်စတစ်အစွပ်ကိုမခွာဘဲ ဒီတိုင်းစီးတယ်။ သူငယ်ချင်းတွေက အဲဒီလေပူဖောင်းလေးတွေကို လာဖောက်ရင် စိတ်ဆိုးတဲ့အထိငါစိတ်ပုတ်မိတယ်။ စက်ဘီးအသစ်ကလေးကို ကြိုက်လွန်းလို့ စက်ဘီးလို့မခေါ်ရက်တော့တာနဲ့ သူ့ကိုနာမည်ပေးလိုက်တယ်။ “ပန်းကလေး” လို့လေ။
ဖွားဖွားဆီသွားနေရတဲ့ကိုးတန်းနှစ်ကလွဲရင် ငါးတန်းကနေ ဆယ်တန်းအထိ ငါနဲ့ပန်းကလေးက အမြဲတတွဲတွဲပဲ။ ဆယ်တန်းမှာစာမလုပ်ချင်တော့ရင် ခေါင်းပေါ်ကျွတ်ကျွတ်အိတ်တစ်လုံးစွတ်ပြီး ပန်းကလေးနဲ့မိုးရေထဲလျှောက်သွားတယ်။ ဘုရားကုန်းနားမှာလုပ်တဲ့ နတ်ကန္နားပွဲကို စာမေးပွဲရှိနေတာတောင် သွားခိုးကြည့်တယ်။ မေမေတုတ်တစ်ချောင်းနဲ့လိုက်လာတော့ ငါကပန်းကလေးကိုယူမခင်ဘဲ နတ်ကန္နားပွဲမှာပဲထားပြီးပြေးရတယ်။ အနိမ့်ဆုံးနှိမ့်ချထားတာတောင် ဖင်ထိုင်ခုံပေါ်ထိုင်ရင် မြေကြီးကိုခြေထောက်လို့မမီသေးတဲ့အရွယ်ကနေ ဖင်ထိုင်ခုံကိုတဆုံးမြှင့်ထားတာတောင် ဒူးကွေးပြီးနင်းရတဲ့ အရွယ်အထိ အကြာကြီးအတူတူရှိခဲ့တယ်။ ဆယ်တန်းပြီးလို့ တခြားမြို့ကိုပြောင်းပြီးတက္ကသိုလ်တက်ရတော့မှ စီးမယ့်သူမရှိတော့တဲ့အတူတူ မေမေ့ဆီလာတောင်းတဲ့ကလေးတစ်ယောက်ကို ပေးလိုက်တယ်တဲ့။ ဘယ်သူ့ကိုပေးလိုက်လဲတော့ ငါမသိလိုက်ရဘူး။ ပန်းကလေးကို နှမြောပေမယ့် ငါပထမဆုံးစက်ဘီးလေးရတုန်းကလိုပဲ ပိုင်ရှင်အသစ်ကလေးက ပန်းကလေးကိုရလိုက်လို့ပျော်မယ်လို့ ယုံထားလိုက်ပြီး ငါပျော်လိုက်တော့တယ်။
၃
_လိမ္မော်သီးလေး_

ဆယ်တန်းပြီးလို့ ငါပြောင်းနေရတဲ့မြို့က စက်ဘီးစီးဖို့မလွယ်ဘူး။ လမ်းပေါ်မှာ ကားတွေအပြည့်ပဲ။ ရပ်ကွက်ထဲမှာတော့ စီးလို့ရပေမယ့် ငါနေရတဲ့အိမ်ခန်းက ငါးလွှာမှာဆိုတော့ စက်ဘီးကို တင်ဖို့ချဖို့မလွယ်ဘူးလေ။ စက်ဘီးစီးနေကြတဲ့သူတွေကိုမြင်ရင်တော့ အားကျပေမယ့် ကားစီးစရာမလိုတဲ့ ဟိုနားဒီနားလောက်က လမ်းလျှောက်သွားလိုက်တာ ပိုအဆင်ပြေတော့ စက်ဘီးဝယ်ဖို့မစဉ်းစားဖြစ်တော့ဘူး။ ဒီလိုနဲ့ပဲ ငါကစက်ဘီးနဲ့မဆိုင်တော့သလိုနေလာလိုက်တာ နှစ်တော်တော်ကြာပေါ့။ ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းကနေ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ဖြစ်လာတဲ့နှစ်တွေမှာလည်း ငါကစက်ဘီးကို အမြဲသတိမရအားဘူး။ ကားလမ်းပိတ်လို့ အလုပ်နောက်ကျတော့မယ့်အခါမျိုးကျရင်တော့ စက်ဘီးနဲ့သာနင်းသွားချင်လိုက်တော့တယ်ဆိုပြီး တခါတလေညည်းမိရဲ့။
၂၀၂၀ မှာ ကိုဗစ်ကြောင့် အလုပ်တွေသွားစရာမလိုတော့ဘဲ အိမ်ကနေအလုပ်လုပ်ကြရတဲ့အချိန်ကျ ဘတ်စ်ကားတွေအစား စက်ဘီးတွေကို ခါတိုင်းထက်ပိုစီးလာကြတယ်။ စက်ဘီးရောင်းတဲ့ကြော်ငြာတွေလည်း ခဏခဏတွေ့တွေ့လာတယ်။ တိုက်ခန်းတွေမှာထားလို့အဆင်ပြေစေမယ့် ဂျပန်အကျခေါက်ဘီးလေးတွေကိုတွေ့တော့ ငါစိတ်ဝင်စားပေမယ့် ဝယ်ဖို့လောက်ထိမတွေးဖြစ်သေးဘူး။ လိမ္မော်သီးလေးကို မတွေ့ခင်အထိပေါ့လေ။
Facebook မှာထုံးစံအတိုင်း ဟိုကြည့်ဒီကြည့်နေရင်း စက်ဘီးကြော်ငြာတွေတက်လာတာနဲ့ ဘာရယ်မဟုတ်ဘဲခဏဝင်ကြည့်လိုက်ရာက လိမ္မော်ရောင်ဂျပန်ခေါက်ဘီးလေးကိုမြင်လိုက်တာနဲ့ စက်ဘီးဝယ်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်။ မေမေကတော့ ထုံးစံအတိုင်း “စီးဖြစ်မှာလည်းမဟုတ်ဘဲနဲ့ မဝယ်ပါနဲ့” လို့ပြောသေးပေမယ့် အဲဒီညနေမှာပဲ ဖေဖေရော မေမေရော ငါ့ကိုစက်ဘီးဝယ်ဖို့ လိုက်ပို့ပေးရတော့တာပဲ။ ကားနောက်ဖုံးထဲမှာခေါက်ထည့်လာတဲ့ လိမ္မောင်ရောင်ခေါက်ဘီးလေးကို အရမ်းစီးကြည့်ချင်တော့ စက်ဘီးဆိုင်ကနေအိမ်ပြန်တဲ့ခဏလေးကိုတောင် ကြာလိုက်တာလို့ထင်တဲ့ငါက ပန်းကလေးကိုကားပေါ်ကချနေတုန်း မစောင့်နိုင်ဘဲ ခုန်ဆွခုန်ဆွလုပ်နေတဲ့ အရွယ်ကိုပြန်ရောက်သွားတယ်။ ခေါက်ထားတဲ့စက်ဘီးလေးကို စီးလို့အဆင်ပြေအောင် ဖေဖေကမူလီတွေပြန်ကျပ်ပေး၊ ဘရိတ်ဆီတွေပြန်စစ်ပေးနေတုန်းမှာ ငါက ငါ့ရဲ့ဦးဆုံးစက်ဘီးလေးကို ဖေဖေပြန်ပြင်ပေးနေတာကို ဘေးကနေ ရင်တွေခုန်ပြီးထိုင်စောင့်နေတဲ့ အဲဒီတုန်းက ကလေးမလေးအရွယ်ပဲ။ ဒီလိုနဲ့ “လိမ္မော်သီးလေး”လို့ ငါနာမည်ပေးလိုက်တဲ့ ငါ့ရဲ့ တတိယမြောက်စက်ဘီးလေးကို ကိုယ်ပိုင်ရှာထားတဲ့ငွေနဲ့ဝယ်ခဲ့တယ်။ အရင်သုံးခဲ့တဲ့သူရှိပြီးသားစက်ဘီးလေးဆိုတော့ ငါ့အရင်ပိုင်ခဲ့တဲ့သူက ဘယ်လိုလူမျိုးပါလိမ့်၊ လိမ္မော်သီးလေးကိုရောင်းပြီးတော့ နောက်ထပ်စက်ဘီးကိုရော ဘာအရောင်လေး ထပ်ဝယ်ဖြစ်မှာပါလိမ့်နဲ့လည်း တွေးတွေးမိသေးတယ်။
ငယ်ငယ်တုန်းကလောက်တော့ စက်ဘီးမစီးဖြစ်တော့ပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ မနက်စောစော ဒါမှမဟုတ် ညနေခင်းတွေမှာ လိမ္မော်သီးလေးကိုငါ ရပ်ကွက်ထဲမှာပတ်စီးတယ်။ ငယ်ငယ်တုန်းကလို ငါ့စက်ဘီးစီးဖော်တွေက တောင်စောင်းကနေ ဘရိတ်မညှစ်တမ်း တရှိန်ထိုးဆင်းချတတ်တဲ့သူတွေတော့ မဟုတ်တော့ဘူးပေါ့။ စက်ဘီးမလဲအောင် နောက်ဘီးမှာထောက်ဘီးအပိုလေးတွေတတ်ပြီး ဖြည်းဖြည်းချင်းနင်းနေတဲ့ ကလေးပိစိလေးတွေ။ ကိုဗစ်ကြောင့် သူတို့လေးတွေနား ကပ်ပြီးမစီးပေမယ့် ငါရပ်ကွက်ပတ်ပြီးလို့ သူတို့နားပြန်ရောက်တိုင်း လက်တွေပြပြီး နှုတ်ဆက်ကြတယ်။ စက်ဘီးဝယ်ပြီးကတည်းကရင် ၂၀၂၁ ဇန်နဝါရီလအထိ နေ့တိုင်းနီးပါး လိမ္မော်သီးလေးနဲ့ငါ ဟိုနားဒီနားလျှောက်သွားကြသေးတယ်။
၂၀၂၁ ဖေဖော်ဝါရီကနေစပြီး ငါစက်ဘီးမစီးအားတော့ဘူး။ ငါမှမဟုတ်ဘူး။ လူတွေအကုန်လုံး အားလပ်ချိန်အပန်းဖြေစရာ ဝါသနာဆိုပြီး လုပ်နေရမယ့်အခြေအနေမျိုး မရှိတော့အောင်ကို စိတ်မအား၊ လူမအားဖြစ်ကုန်ကြရတော့တာကိုး။ လိမ္မော်သီးလေးကို အိမ်ပေါ်မှာခေါက်တင်ထားပြီး ငါကတော့ Ukulele တစ်လုံးနဲ့ တစ်နေကုန် အပြင်ထွက်တော့တာပဲ။ လိမ္မော်သီးကို ခေါက်ထားရတော့မယ်ထင်တာ။ လမ်းတွေအကုန်ပိတ်ပြီး ကားတွေသွားလို့မရတော့တဲ့နေ့ကျတော့ ငါတို့စုရပ်ဆီကိုရောက်အောင်သွားဖို့ လိမ္မော်သီးလေးကိုထုတ်သုံးရတယ်။ လမ်းတွေမှာပိတ်ထားတဲ့ အတားအဆီး Barrier တွေကိုရှောင်၊ သေနတ်တွေကို လူထုဆီအသင့်ချိန်ထားပြီးစောင့်နေတဲ့ စစ်သားနဲ့ရဲတွေရှိမယ့်လမ်းတွေကိုကွင်းနဲ့ ငါ့အဖွဲ့ဆီငါရောက်သွားတယ်။ ဂစ်တာသေးသေးလေးလွယ်ပြီး စက်ဘီးသေးသေးတစ်စီးနဲ့ ထွက်လို့ရတဲ့လမ်းပေါက်တွေ၊ ကားတွေကြားကနေပတ်သွားနေတဲ့ငါ့ကို လူတွေကတိုက်တွေ၊ ကားတွေပေါ်ကနေ အန္တရာယ်ကင်းဖို့၊ အားတင်းထားဖို့ ဆုတောင်းပေးကြသေးတယ်။ ကားနဲ့သွားရလာရခက်ခဲတဲ့ အဲဒီနေ့တွေမှာ လုပ်ရမယ့်အလုပ်တွေကို လိမ္မော်သီးလေးကြောင့် ငါလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နှစ်ရက်သုံးရက်လောက်ပါပဲ။ နောက်နေ့တွေကျတော့ စက်ဘီးစီးတဲ့လူငယ်တွေကို စစ်ကားတွေပေါ်ဆွဲဆွဲဖမ်းသွားကြတော့ လိမ္မော်သီးလေးမပါဘဲ ငါတစ်ယောက်တည်း ဆက်ထွက်ရတာပါပဲ။
၂၀၂၁ စက်တင်ဘာကုန်ခါနီးတစ်ညမှာ ငါအိမ်ကနေထွက်လာရတယ်။ ရုတ်တရက်ကြီးမို့ ဘာပစ္စည်းမှမယူခင်ဘဲ လူပဲလွတ်အောင်ထွက်လာရတာဆိုတော့ လိမ္မော်သီးလေးကိုလည်းထားခဲ့ရတယ်။ ကိုယ်ပိုင်ဝယ်ထားတဲ့ ပစ္စည်းတွေထဲမှာ ချစ်စရာအကောင်းဆုံး၊ ငါအကြိုက်ဆုံးမို့ သူများတွေယူသွားမှာ ငါစိတ်ပူတယ်။ ဒီတိုင်းပစ်ထားတာကြာရင် ပျက်စီးသွားမှာလည်း စိုးတယ်။ မေမေ့ကိုဖုန်းဆက်ပြီး အဲဒီအကြောင်းလှမ်းပြောပြတော့ တခြားအရေးကြီးတာတွေစိတ်ပူရမယ့်အစား စက်ဘီးသေးသေးလေးကို စိတ်ထဲထည့်နေသေးလို့ဆိုပြီး အဆူခံရသေးတယ်။ အခုတော့ အများကြီးစိတ်မပူတော့ဘူးဆိုပေမယ့် လိမ္မော်သီးလေးကို ဘေးကင်းကင်းနဲ့ရှိနေစေချင်တယ်။ ငါအိမ်ပြန်လာမယ့်ရက်ကို စောင့်နေစေချင်တယ်။ လိမ္မော်သီးလေးကိုစီးပြီး ကော်ဖီဆိုင်လည်းသွားချင်သေးတယ်။ ဦးဆုံးစက်ဘီးလေးနဲ့ ပန်းကလေးတို့ထက် အကြာကြီးအတူတူရှိနေစေချင်တယ်။ သူ့အကြောင်းစဉ်းစားမိလို့ထင်တယ်။ ဒီညငါ့ရဲ့လိမ္မော်သီးလေးကို ငါခါတိုင်းထက်ပိုသတိရတယ်။ ။
_Jon Par Htaw_
Comentários