ဆရာမ အမြန်ဆက်သွယ်ပါ
- Jon Par Htaw
- Jun 5, 2022
- 1 min read
Updated: Jun 14, 2022

ခုနှစ်တန်းနှစ်တုန်းက ငါသင်္ချာမရဘူးလို့ မေမေ့ကိုပြောတော့ မေမေကသင်္ချာဆရာမဆီမှာ ကျူရှင်အပ်ပေးတယ်။ ကျူရှင်က ငါရယ်၊ ငါ့ထက်အတန်းငယ်တဲ့ ငါ့တစ်ဝမ်းကွဲညီမလေးရယ် ၂ ယောက်တည်းပဲ။ ဆရာမကစာသင်ရင် ငါတို့နားလည်လွယ်တဲ့ပုံစံနဲ့သင်ပေးပြီး သေချာလည်းရှင်းပြပေးတော့ စာမရဘဲ အိပ်လိုက်ရတဲ့နေ့ဆိုတာ မရှိသလောက်ပဲ။ ဆရာမက ငါတို့ ၂ ယောက်ကိုတော်တော်စိတ်ရှည်တယ်။ ငါတို့စကားများသမျှကို စိတ်ဝင်တစားနားထောင်ပေးတယ်။ ကိုရီးယားရုပ်ရှင်တွေ စကြည့်တဲ့အရွယ်ဆိုတော့ ကိုရီးယားမင်းသားမင်းသမီးတွေ အကြောင်းပြောရင်လည်း လိုက်ပြောပေးတယ်။ ငါ့အရုပ်လေးတွေအကြောင်း ပြောပြပြီး အရုပ်လေးတွေပြရင်လည်း စိတ်ဝင်တစားကြည့်ပေးတယ်။ အဲတော့ဆရာမဆီမှာ ကျူရှင်တက်ရတာ ငါတို့ ၂ ယောက်လုံးပျော်တယ်။ ငါ့ထက်အရာရာကို ပိုသိတဲ့သူ၊ ငါ့ကိုပိုနားလည်တဲ့သူနဲ့ သူငယ်ချင်းလုပ်ရသလိုမျိုး ခံစားရလို့ ငါကဆရာမကို တအားခင်တော့တာပေါ့။
ကျောင်းမုန့်ဈေးတန်းကဆိုင်တစ်ဆိုင်မှာ စက္ကူဘူးလေးထဲလှလှလေးထည့်ထားတဲ့ အရုပ်လေးတွေ စရောင်းတော့ မုန့်စားဆင်းချိန်ဆိုရင် အဲဒီဆိုင်ကိုပြေးပြီး အရုပ်ရွေးရတာအမောပဲ။ အရုပ်တွေက လှတာတွေလည်းရှိတယ်။ သိပ်မလှတာတွေလည်းရှိတယ်။ ပြီးတော့ အရမ်းလှတဲ့အရုပ်တွေဆို တစ်မျိုးကို တစ်ရုပ်လောက်ပဲပါတာများတယ်။ မုန့်ဖိုးနှစ်ရာရတဲ့အချိန်မှာ အဲအရုပ်တွေက တစ်ရုပ်ကို တစ်ရာ့ငါးဆယ်ဆိုတော့ သုံးရက်လောက်နေမှာ တစ်ရုပ်ဝယ်စုနိုင်တယ်။ မုန့်လည်းစားရသေးတာကိုး။ သုံးရက်တစ်ခါလောက်သွားသွားရွေးပြီး ငါအရမ်းကြိုက်တဲ့အရုပ်လေးတွေ လေးရုပ်လောက်ရတော့ အဲဒီအရုပ်တွေမရောင်းတော့ဘူး။ သူတို့ယူတဲ့ဆိုင်ကြီးမှာကိုက အဲဒီအရုပ်တွေထပ်မဝင်တော့ဘူးလို့ ဆိုင်ကဒေါ်ဒေါ်ကပြောတာပဲ။ ငါဝယ်လို့မီလိုက်တဲ့ လေးရုပ်ကိုဆရာမကိုပြတော့ ဆရာမက ချစ်စရာလေးတွေတဲ့။ အဲဒီလေးရုပ်ထဲက Snow Man ပုံ ဖန်အကြည်ရောင်အရုပ်လေးကို ဆရာမက ဒါမျိုးလေးဆိုင်ရှိသေးလားတဲ့။ အရုပ်ရဲ့ ဗိုက်လေးနေရာမှာ Christmas လို့ရေးထားတော့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာမွေးတဲ့ ဆရာမကပိုသဘောကျပုံပဲ။ ကြုံရင်ဆရာမကို ဝယ်ထားပေးတဲ့။ ဆရာမပိုက်ဆံပေးထားမယ်တဲ့။ အဲအရုပ်တွေ မရောင်းတော့ဘူးလို့ပြောပြတော့ ဆရာမက အဲတာဆိုလည်းနေပါစေတော့တဲ့။ ရှားရှားပါးပါး ဆရာမကြိုက်တာမို့လို့ ဆရာမကို ပေးလိုက်ချင်ပေမယ့် နောက်ထပ်ဝယ်လို့မရတော့တဲ့အရုပ်ဆိုတော့ နှမြောတဲ့စိတ်ကလည်းများနေတာပေါ့။ ဆရာမမွေးနေ့ကျရင်ပေးမယ်လို့စဉ်းစားလိုက်တယ်။
မွေးနေ့ရောက်ပြန်တော့လည်း အရုပ်လေးကိုထုတ်ကြည့်ပြီး ပေးလိုက်ရမလား ငါပဲဆက်သိမ်းလိုက်ရမလားနဲ့ ခေါင်းခြောက်သေးတယ်။ ငါလည်းအရမ်းကြိုက်နေတော့ အဲဒီအရုပ်ကို မပေးဖြစ်တော့ဘဲ မေမေဝယ်ပေးတဲ့ ထမိန်စလေးပဲ လက်ဆောင်ပေးလိုက်တယ်။
အဲဒီနှစ်ကုန်ခါနီးတော့ ဆရာမက တခြားမြို့ကို ရာထူးတိုးပြီးပြောင်းရတော့မယ်တဲ့။ ငါတအားဝမ်းနည်းတာပဲ။ နောက်ဆုံးစာသင်တဲ့ညကျတော့ ဆရာမကိုငါရယ် ညီမလေးရယ်ကန်တော့ကြတယ်။ မနက်ကျရင် တာဝန်ကျတဲ့မြို့ကိုသွားရတော့မှာ။ ငါတို့သုံးယောက်လုံးငိုကြတာပေါ့။ အဲဒီညငါတို့ကို စာသင်ပြီး ဆရာမအဆောင်ကိုပြန်သွားမှ အရုပ်လေးကိုငါသတိရတယ်။ ဘယ်လောက်ကြိုက်ကြိုက် ဆရာမကိုပဲ ပေးလိုက်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဆရာမရဲ့အဆောင်ကိုလိုက်သွားဖို့ မိုးအရမ်းချုပ်နေပြီဆိုတော့ မနက်ကျမှပဲ စောစောထပြီးသွားပေးမယ်ဆိုပြီး အိပ်လိုက်တယ်။
နောက်နေ့မနက်ကျတော့ နိုးတာနဲ့မျက်နှာသစ်ပြီး ဆရာမအဆောင်ကို စက်ဘီးနဲ့အမြန်သွားရတယ်။ လက်မှာလည်း အရုပ်သေးသေးလေးကို အမြန်ရှာလို့ရတဲ့ကြွပ်ကြွပ်အိတ်ကြီးနဲ့ပဲ ထည့်ထားတာကိုကိုင်လို့ပေါ့။ အဆောင်ရောက်တော့ ဝရန်တာမှာစာအုပ်ဖတ်နေတဲ့ တခြားဆရာမတစ်ယောက်က ငါ့ကိုမြင်ပြီး "သမီးဆရာမဆီလာတာလား၊ အခုပဲထွက်သွားပြီသမီးရဲ့" လို့ လှမ်းပြောတယ်။ ငါလည်းစက်ဘီးကိုလှည့်၊ အသားကုန်နင်းပြီး ဆရာမတို့ကားထွက်သွားတဲ့နောက်ကို လိုက်တာပေါ့။ ကားကိုလှမ်းမြင်နေရသေးပေမယ့် တော်တော်ဝေးနေပြီမလို့ ဘယ်လိုနင်းနင်း မမီတော့ဘူး။ ဆရာမပါသွားတဲ့ကားရဲ့နောက်ဖင်လေး မြင်ကွင်းထဲကပျောက်သွားတော့မှ ငါလည်းစက်ဘီးကိုပစ်ချပြီး ကားထွက်သွားတဲ့ဆီကိုတစ်လှည့် လက်ထဲကအရုပ်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကိုတစ်လှည့်ကြည့်ပြီး ကျန်ခဲ့ရတယ်။ မျက်နှာမှာလည်း မျက်ရည်တွေရော၊ နှာရည်တွေရော ရွှဲလို့ပေါ့။ ဆရာမကြိုက်တယ်လို့ ပြောပြောချင်းတုန်းကဖြစ်ဖြစ်၊ ဆရာမမွေးနေ့တုန်းကဖြစ်ဖြစ် ပေးဖြစ်အောင်ပေးလိုက်ရမှာလို့ တွေးမိလေ ငါငိုလေပဲ။
ဆရာမနဲ့ ပြန်တွေ့ရင် လက်ဆောင်ပေးဖို့ အဲဒီအရုပ်လေးကို ငါသိမ်းထားတယ်။ ဖုန်းတွေဘာတွေလည်းမရှိသေးတော့ ငါတို့ချင်းပြန်ဆက်သွယ်ဖို့၊ ပြန်တွေ့ဖို့က ခက်တယ်လေ။ အသက်တွေကြီးလာတဲ့အထိတောင် မတွေ့သေးရင်တော့ ငါဖတ်ဖူးတဲ့စာအုပ်တွေထဲကလို ရန်ကုန်ကိုသွားပြီး သတင်းစာမှာ “ဆရာမ အမြန်ဆက်သွယ်ပါ” ဆိုပြီး စာထည့်ရမယ်ဆိုပြီး ငါတွေးထားလိုက်တယ်။
အခုငါရန်ကုန်ကိုရောက်ပြီ။ အရုပ်လေးကိုငါသိမ်းထားတုန်းပဲ။ အသက်ကြီးလာမှလုပ်လို့ရမယ်လို့ ငါထင်ခဲ့တဲ့ သတင်းစာထဲမှာကြော်ငြာထည့်ပြီး ဆရာမကိုရှာဖို့ကိစ္စကိုတော့ အသက်ကြီးလာလို့ပဲထင်တယ်။ ငါမလုပ်ဖြစ်တော့ဘူး။ ။
_Jon Par Htaw_
Comments