top of page

ညီ

  • Writer: Jon Par Htaw
    Jon Par Htaw
  • May 29, 2022
  • 2 min read

ဖေဖေ့ဘက်ကတော်တဲ့ တစ်ဝမ်းကွဲတွေက ငါနဲ့အသက်ကွာကြတော့ ရင်းရင်းနှီးနှီး သိပ်မရှိကြဘူး။ “ညီ”တစ်ယောက်ကလွဲလို့ပေါ့။ သူ့နာမည်က”ညီညီ”ဆိုတော့ ငါကသူ့ကို “ညီ” လို့ခေါ်တယ်။ ငါ့ကိုကျ ဘာလို့မှန်းမသိဘူး “အီနိုး”လို့ခေါ်တယ်။ သူတစ်ယောက်ပဲအဲလိုခေါ်တာ။


ညီကငါ့ထက်တစ်နှစ်ကျော်လောက် ကြီးမယ်ထင်တယ်။ ဒါပေမယ့်အတန်းကတူတူပဲ။ သူတို့မှာက ညီမအရင်းမရှိဘူး။ ညီအစ်ကိုချည်းလေးယောက်ဆိုတော့ သူတို့တစ်မိသားစုလုံးကလည်း ငါ့ကိုချစ်ကြတယ်။ သူ့အမေနဲ့အဖေရယ်၊ အစ်ကိုနှစ်ယောက်ရယ်က ထိုင်းမှာအလုပ်သွားလုပ်ကြတော့ သူက ဘရု(ဖိုးဖိုး)နဲ့နေခဲ့တယ်။ အဲဒီတုန်းက သူ့ရဲ့ညီအငယ်ဆုံးလေး “တူးလစ်”ကို မမွေးသေးဘူးလေ။ ကျောင်းပိတ်ရက် ဘရုတို့ရွာကိုသွားလည်ရင် ညီနဲ့ငါဗြောင်းဆန်အောင်ဆော့တော့တာပဲ။ တစ်ယောက်ကိုပိုက်ဆံတစ်ရာစုပြီး နှစ်ရာတန်ခေါက်ဆွဲခြောက်ထုတ်ကိုဝယ်၊ ခေါက်ဆွဲခြောက်တွေကို ချေပြီး အထဲကပါတဲ့အရသာမှုန့်တွေကို အကုန်ဖောက်ထည့်ကြတယ်။ ပြီးရင် ပြုတ်မစားဘဲ အဲဒီငံနေတဲ့ခေါက်ဆွဲခြောက်တွေကို ဒီတိုင်းလက်နဲ့နှိုက်စားကြတယ်။ ရာဘာခြံထဲလိုက်သွားပြီး ရေကူးတယ်။ စမ်းချောင်းထဲက ငါးသေးသေးလေးတွေကိုဖမ်း၊ ငါးမွေးမယ်ဆိုပြီး ပလပ်စတစ်အိတ်အကြည်ထဲကို ရေထည့်၊ ငါးတွေထည့်၊ အပေါ်ကနေ သားရေပင်နဲ့အလုံပိတ်စည်းပြီး တဲမှာချိတ်ထားကြတယ်။ ငါးလေးတွေသေကုန်တော့ မြေမြှုပ်ပေးရအောင်ဆိုပြီးငါပြောတော့ ပေါက်တူးတစ်ချောင်းမနိုင်မနင်းမလာပြီး မြေကြီးတူးလို့ ခြေထောက်ရှသွားသေးတယ်။ ငါကအိုးပုတ်တွေနဲ့ထမင်းချက်တမ်းကို တကယ့်မီးနဲ့ဆော့ရအောင်လို့ပြောတော့ မီးခြစ်ယူလာပြီး မီးမွှေးကြတာ မီးတောက်ကြီးကကြီးလာပြီး တဲဆီကူးမလိုဖြစ်သွားတယ်။ လူကြီးတွေလက်မြန်လို့ ဘာမှမဖြစ်သွားတာ။ မီးငြိမ်းသွားတာနဲ့ နှစ်ယောက်လုံးအရိုက်ခံရတယ်။ မီးများကူးသွားလို့ကတော့ တဲအောက်မှာစီထားတဲ့ ရာဘာပြားတွေ အကုန်,ကုန်မှာကိုး။ ညီနဲ့ငါက အဲလောက်တောင် ဆော့ကြတာ။

ဘရုတို့ရွာက တစ်ရွာလုံးမွန်တွေဆိုတော့ မွန်စကားပဲပြောကြတယ်။ အဲဒီတော့ ညီက ဗမာစကားကို တော်တော်လေးနားမလည်ဘူး။ ငါနေတဲ့မြို့မှာတော့ ဗမာစကားပြောတဲ့သူတွေများတော့ သူ့ထက်စာရင် ဗမာစကားကိုငါကပိုသိတယ်ပေါ့လေ။ ဘရုတို့အိမ်သွားလည်ရင် ငါကသူ့စာအုပ်တွေကို ထုတ်ကြည့်ပြီး ဆရာမကြီးလုပ်တော့တာပဲ။

"ညီ... Pig ကဘာလဲ"

“ဝက်”

"ဝက်ကဘာကောင်လဲ ပြပါဦး" လို့ငါပြောရင် တွေ့ရာအကောင်တွေ လက်ညှိးထိုးပြတော့တာပဲ။ အင်္ဂလိပ်လို Pig ရယ်၊ ဗမာလိုဝက်ရယ်ထိမှတ်ရတာအဆင်ပြေသေးတယ်။ စာလုံးကို တကယ်နားလည်အောင် မွန်လိုပါတွဲမှတ်ရတဲ့အခါကျ သူတိုင်ပတ်တော့တာပဲ။ သူမှားပြောတဲ့အခါ ငါကအားရပါးရရယ်ပြီးမှ အမှန်ပြင်ပေးတတ်တယ်။​ ဝက်တို့ကြက်တို့ပြီးလို့ နောက်တစ်ဆင့်တက်ပြီး ပုရွက်ဆိတ်တို့လို ဗမာနာမည်ရှည်ရှည်ခက်ခက်တွေပါလာရင်တော့ “တော်ပြီ တော်ပြီ”ဆိုပြီး စာအုပ်ကို အတင်းပြန်သိမ်းပြီး ငါ့ကိုဆော့ဖို့ပဲဆွဲဆွဲသွားတတ်တယ်။ ညီကျောင်းမှာစာသိပ်မလိုက်နိုင်တာသိတော့ မေမေကဘရုကို "အပါး(အဖေ)... ညီညီဗမာစကားလည်လည်ဝယ်ဝယ်ပြောတတ်အောင် မြို့ခေါ်သွားလိုက်မယ်။ အဲတာမှ သူစာလိုက်နိုင်မှာ" ပြောပြီး ငါနဲ့တူတူကျောင်းတက်ဖို့ ညီ့ကိုငါတို့အိမ်ကို ခေါ်လာလိုက်တယ်။

ကျောင်းစတက်ရတဲ့နေ့ရောက်တော့ အခန်းထဲရောက်တာနဲ့ ညီကငါ့နားကမခွာတော့ဘူး။

"အီနိုး... ငါနင်နဲ့ပဲထိုင်မယ်။ ဆရာမကိုပြောပေး"

“အာ... နင်ကယောက်ျားလေးကို။ ငါတို့ခုံမှာထိုင်လို့ဘယ်ရမလဲ။ ယောကျ်ားလေးတွေထိုင်တဲ့ခုံမှာ ထိုင်ရမှာပေါ့”

"ဟာ... အဲဒီကောင်တွေပြောတာ ငါတစ်လုံးမှနားမလည်ဘူး။ နင်နဲ့ပဲထိုင်မယ်"

ငါကသူ့လွယ်အိတ်ယူပြီး ယောကျ်ားလေးတွေထိုင်တဲ့ဘက်ကို သွားထားလိုက်၊ သူကပြန်ယူလာပြီး ငါ့နားမှာပဲလာထားလိုက်နဲ့လုပ်နေတာကို ဆရာမကတွေ့သွားပြီးမေးတော့တာပေါ့။ ငါတို့အခက်အခဲကို သိသွားတော့ ဆရာမကညီ့ကို ငါ့နားမှာထိုင်ခွင့်ပြုလိုက်တယ်။ မိန်းကလေးတွေခုံမှာထိုင်လို့ဆိုပြီး အတန်းထဲကကောင်လေးတွေက ညီ့ကိုစကြတယ်။ ဗမာစကားနားမလည်တော့ သူ့ကိုစလို့စမှန်းမသိတဲ့ ညီက ဘာမှမဖြစ်ပေမယ့် နားလည်တဲ့ငါကစိတ်တိုပြီး စတဲ့သူတွေကို တံမြက်စည်းရိုးတစ်ချောင်းနဲ့ လိုက်ရိုက်ရသေးတယ်။ ကျောင်းတစ်ပတ်လောက်တက်ပြီးတော့ ညီကငါ့ဖေဖေကို ရွာပြန်ပို့ပေးလို့ ပူဆာတယ်။​ ငါ့မေမေက “ဘာလို့ပြန်မှာတုန်းညီရယ်။ နိုးနိုးနဲ့နေပြီး စာတူတူလုပ်မှ စာလိုက်လာနိုင်မှာပေါ့။ မပြန်နဲ့နော်” လို့ချော့တယ်။ ညီကဘာမှဆက်မပြောတော့ပေမယ့် တမှိုင်မှိုင်တထွေထွေပဲ။ စာမလိုက်နိုင်တာချင်းအတူတူ ရွာမှာက သူ့သူငယ်ချင်းတွေရှိပြီး စာကလွဲရင် ကျန်တာတွေအားလုံးကို သူနားလည်တယ်။ ဒီမှာကျတော့ ငါတို့အိမ်မှာကလွဲရင် စာရော၊ ကျန်တဲ့နေရာတွေမှာပါ သူဘာမှနားမလည်ဘူးကိုး။ နောက်တစ်ပတ်ကျတော့ ဘရုကငါတို့ဆီလာတယ်။ ညီ့ကိုလည်း လာကြည့်ရင်းပေါ့။ ဘရုကညီ့ကို ဒီမှာပဲနေပြီး ငါနဲ့တူတူစာသေချာလိုက်လုပ်ဖို့ မှာတယ်။ ညီကသူ့ကိုရွာပြန်ခေါ်သွားဖို့ပဲ ပြောနေတယ်။ ဘရုပြန်မယ်လည်းဆိုရော ဘရုရဲ့ပုဆိုးကို မလွှတ်ဘဲဆွဲထားတယ်။ ဘာလို့ဒီမှာမနေချင်တာလဲလို့ ဘရုကမေးတော့ “ဒီမှာဘယ်သူမှ လူနားလည်တဲ့စကားမပြောတတ်ကြဘူး” တဲ့။ နောက်ဆုံးတော့ ဘရုလည်းသူ့ကိုသနားတာနဲ့ ပြန်ခေါ်သွားရော။ ညီပြန်သွားတော့ ငါစိတ်မကောင်းဘူးပေါ့။

အဲဒီတော့အရင်လိုပဲ ဘရုဆီသွားလည်မှ ညီနဲ့ငါတွေ့ရတော့တယ်။ တခါ ငါတို့သွားတော့ ငါတို့ကိုမြင်တာနဲ့ ညီကစာအုပ်ကိုင်ပြီးစာစကျက်တယ်။ သူစာမလုပ်ဘူးထင်ပြီး သူ့ကိုငါတို့မြို့ကို ထပ်ခေါ်သွားမှာစိုးလို့တဲ့လေ။

"သီတင်းကျွတ်ပြီ

မိုးလေကင်းလွတ်ပြီ

မီးပုံးပျံလွှတ်ကြရအောင်

မီးစာကိုရေနံဆွတ်ပါ

မှိုင်းဝမှလွှတ်ပါ... အီနိုး... မိုးလေကင်းလွတ်က ဘာပြောတာလဲ" လို့ မွန်လိုလှမ်းမေးတယ်။

"မိုးမရွာတော့ဘူးလို့ပြောတာ"

"အဲတာဆို မိုးမရွာတော့ဘူးလို့ ဘာလို့မရေးတာလဲ"

"မသိဘူးလေ။ မေမေ့ကိုမေးပေးမယ်"

"မမေးနဲ့။ ငါစာမရဘူးထင်ပြီး နင့်အမေငါ့ကို နင်တို့ကျောင်းကိုခေါ်သွားမှာ"

"အဲတာဆို နင့်ဆရာမကိုမေးပေါ့"

"မေးတယ်။​ ဆရာမရှင်းပြတယ်။ ဗမာလိုပဲရှင်းပြတော့ ငါနားမလည်ဘူး"

ဗမာလိုလည်လည်ဝယ်ဝယ်သိတဲ့ကလေးဆို သုံးလေးခေါက်လောက်ဆိုပြီးသွားရင် အလွတ်ရမယ့် စာပိုဒ်ကို ညီကထပ်ခါထပ်ခါကျက်နေရတယ်။ အဲဒီညက ငါတို့ဘရုအိမ်မှာပဲအိပ်ပြီး နောက်နေ့ မနက်စောစောမှ ထပြန်ကြတယ်။ ငါတို့ဆိုင်ကယ်ထွက်လာတော့ ညီ့ရဲ့ “သီတင်းကျွတ်ပြီ... မိုးလေကင်းလွတ်ပြီ” ဆိုတဲ့မွန်သံဝဲဝဲနဲ့စာဆိုတဲ့အသံက ကျယ်ကျယ်လေးထွက်လာတယ်။ မနေ့ကတည်းက ကျက်နေတဲ့ အဲဒီစာတစ်ပုဒ်ကို သူအခုထိမရသေးဘူး။ အဲဒီတုန်းကတော့ ညီကငါ့လိုဉာဏ်မကောင်းလို့ စာတစ်ပုဒ်ကိုအကြာကြီးကျက်ရတယ်ဆိုပြီးပဲ ငါတွေးခဲ့တယ်။ စာလုံးအဓိပ္ပါယ်တွေ သေချာနားမလည်လို့ ငါ့လောက်စာမရမှန်း ငါမသိခဲ့ဘူး။

အဲဒီလိုနဲ့ ညီတစ်ယောက် လိမ်ဖည်လိမ်ဖည်နဲ့ ရှစ်တန်းရောက်လာတယ်။ ဗမာစကားကို ငယ်ငယ်တုန်းကထက်စာရင် ပိုနားလည်လာတဲ့ပုံရပေမယ့် စာတော့မတော်ဘူးပေါ့။ ညီတို့သူငယ်ချင်းတစ်သိုက် ကျောင်းပိတ်ရက်တွေဆို ဆိုင်ကယ်တွေနဲ့ငါတို့မြို့ပေါ်တက်လာရင် ငါတို့မြို့ကကောင်မလေးတွေက ငေးကြတာပဲ။​ ဘရုတို့ရွာက ရွာဆိုပေမယ့် လူငယ်တွေက ငါတို့မြို့ထက်စာရင် ပိုခေတ်မီတယ်။ ပြင်တတ်ဆင်တတ်ပိုရှိကြတယ်။ ဘရုတို့ရွာက မွန်မလေးတွေ၊ မွန်ကောင်လေးတွေက ချောတဲ့နေရာမှာနာမည်ကြီးပဲ။ ညီလည်းအဲဒီထဲမှာပါတာပေါ့လေ။ သူတို့ဆီမှာ အဲဒီတုန်းက ဗမာကျောင်းကို ပြီးအောင်တက်တဲ့သူနည်းတယ်။ ရှစ်တန်းကိုးတန်းလောက်ရောက်ရင်ကိုပဲ ကျောင်းထွက်ပြီး မိဘတွေအလုပ်သွားလုပ်ကြတဲ့ ထိုင်းတို့၊ ကိုရီးယားတို့ကို လိုက်သွားကြတာပဲ။ ညီ့သူငယ်ချင်းတွေကျောင်းထွက်ကြတော့ ညီကလည်းကျောင်းထွက်ပြီး သူ့အမေတွေရှိတဲ့ထိုင်းကို လိုက်သွားဖို့ပူဆာတယ်။ သူ့အမေရော၊ ဘရုရော၊ ငါ့ဖေဖေနဲ့မေမေရောက ညီ့ကိုကျောင်းမထွက်ဖို့ ဝိုင်းနားချပေမယ့် ဆယ်ကျော်သက်ဖြစ်နေပြီဖြစ်တဲ့ညီက နားမထောင်တော့ဘူး။

"မူမွန်(ဦးလေးမွန်)လို ပညာတတ်မဖြစ်ချင်ဘူးလား ညီရယ်" လို့ သူ့အမေကမေးတော့ "ဗမာဘွဲ့ရလည်း မူမွန်ချမ်းသာမနေပါဘူး။ အခုလည်းရာဘာပဲခြစ်နေရတာကို။ ဗမာကျောင်းတက်တာ ဘာထူးမှာလဲ" လို့ပြန်မေးတယ်လေ။ သူ့အမေ ဖေဖေ့အစ်မက အဲဒီအကြောင်းဖေဖေ့ကိုပြန်ပြောပြတော့ ဖေဖေ့မှာရယ်တာ အူတွေကိုတက်လို့။ ဘယ်လိုမှနားချလို့မရတဲ့အဆုံးတော့ အားလုံးကလက်မြှောက်ပြီး ညီ့ကိုသူ့အမေနဲ့ ထိုင်းကိုထည့်လိုက်ရတယ်။

ငါလည်းကိုးတန်းဆယ်တန်းမှာ စာပဲလုပ်နေရတော့ ညီ့ကိုတောင် သတိမရအားတော့ဘူး။ အဲဒီကနေစပြီး တက္ကသိုလ်တက်ဖို့ ရန်ကုန်ရောက်နေတဲ့ငါနဲ့ တစ်နှစ်တစ်ခါမှ ရွာကိုပြန်လာတော့တဲ့ ညီနဲ့က မတွေ့ဖြစ်ကြတော့ဘူးပေါ့။ ကျောင်းပြီးလို့ အလုပ်ဝင်တော့မှ Social Media ကနေတဆင့် ညီနဲ့စကားပြန်ပြောဖြစ်တယ်။ နှစ်တွေအများကြီး ကြာသွားပေမယ့် ငါတို့နှစ်ယောက်က ဟိုးတုန်းကအတိုင်း ရင်းရင်းနှီးနှီးရှိကြတုန်းပဲ။ ငါကဗမာလိုစာရိုက်ရေးရင် သူကမွန်လိုအသံဖိုင်တွေ ပို့တယ်။ စာရေးပြောပါဟလို့ပြောရင် "အင်း"တို့ "အေး"တို့လောက်ပဲ ထွက်လာတယ်။ ညီကဗမာစာကို အခုထိကြောက်နေတုန်း။ ဘာတွေလုပ်နေလဲမေးတော့ "ဘာလုပ်ရမှာလဲဟာ။ ရာဘာပဲခြစ်တာပေါ့" တဲ့။

"ရာဘာပဲ... ရွာပြန်ပြီး ကိုယ့်ခြံမှာကိုယ်ခြစ်လို့ရနေတာကို အဲဒီမှာအကြာကြီးနေစရာလား"

"ရတာမတူဘူးလေ အီနိုးရယ်။ ရွာမှာနေရင် စားလောက်ရုံပဲရမှာပေါ့။ ဒီမှာကျ နည်းနည်းပါးပါး ပိုသုံးလို့ရတာပေါ့လေ" တဲ့။ "ညီ မိန်းမစောစောမယူနဲ့နော်" လို့ ငါပြောတော့ ညီက "အေးလေ့။ မယူဘူး။ နင်ရှာပေးတဲ့သူပဲယူမယ်" တဲ့။ ဒါပေမယ့် ညီကငါ့စကားကိုနားမထောင်ပါဘူး။ မိန်းမမယူနဲ့ဦးနော်လို့ ငါမှာပြီးတစ်နှစ်လောက်နေတော့ ငါ့တစ်ဝမ်းကွဲညီမလေးတစ်ယောက်က ငါ့ကိုလှမ်းပြောတယ်။ ကိုညီမိန်းမရသွားပြီတဲ့။ ငါညီ့ကိုသွားမေးတော့ ခေါင်းကုတ်နေတဲ့ စတစ်ကာလေးပို့ပြီး "အေး"တဲ့။ အဲဒီနေ့က ငါစိတ်မကောင်းလို့ မျက်ရည်ကျရတယ်။ ပထမတော့ ကိုယ့်အစ်ကိုကိုနှမြောလို့ပေါ့။ နောက်တော့လည်း သူပျော်မယ်ထင်လို့ သူလုပ်တာပဲလေလို့ တွေးပြီး ဖြေရတယ်။ ညီသာအဲဒီတုန်းက ဗမာစကားကိုအထိုက်အလျောက်ရခဲ့ရင် စာကိုမကြောက်တော့ဘဲ ငါနဲ့တူတူ ကျောင်းဆက်တက်ဖြစ်လောက်မလား။ ဒါမှမဟုတ် တိုင်းရင်းသားဘာသာစကားနဲ့ပဲ စာတွေသင်လို့ရနေခဲ့ရင်ရော ညီအဲဒီမှာအခုလို အဲဒီမှာအကြာကြီးနေပြီး ရာဘာခြစ်ဖို့လောက်ပဲသိတဲ့ ကောင်လေးမဟုတ်ဘဲ ကျောင်းတွေဆက်တက်ပြီး အခုထက်နည်းနည်းပိုကောင်းတဲ့ တစ်ခုခုကို လုပ်နိုင်နေလောက်မလား။ အဲဒါတွေကို ညီ့ကိုပြောပြလို့ရှိရင် "နင်ဗမာကျောင်းပြီးတော့ရော အလုပ်အကိုင်တွေအဆင်ပြေပြေနဲ့ ချမ်းသာနေပြီမို့လို့လား" လို့ ငယ်ငယ်တုန်းကလိုပြန်မေးတော့မှ ငါလည်း ငါ့ဖေဖေရယ်ခဲ့သလိုပဲ ရယ်နေရဦးမယ်ထင်တယ်။ မေမေ့ကိုပြောပြတော့ မေမေက "သူ့ဘဝလေး သူကျေနပ်နေရင် ပြီးတာပဲ။ သမီးတွေးတဲ့ ဘဝနဲ့ ညီတွေးတဲ့ဘဝက ဘယ်တူပါ့မလဲ"တဲ့။ ငါကတော့ အသားလတ်လတ်၊ မျက်ခုံးနက်နက်၊ မျက်လုံးလှလှ၊ အရပ်ရှည်ရှည်နဲ့ ညီ့ကို ရာဘာခြံထဲမှာမဟုတ်ဘဲ ပိုသက်သာပြီးပိုကောင်းတဲ့နေရာတစ်ခုခုမှာ လန်းလန်းဆန်းဆန်းနဲ့ ရှိနေစေချင်တာပါပဲ။ ဒါပေမယ့်လည်း ငါထင်နေတဲ့ပိုကောင်းတဲ့ဘဝဟာ ညီလိုချင်တဲ့၊ ပျော်တဲ့ဘဝလည်း ဟုတ်ချင်မှဟုတ်မှာမလား။

အခုတော့ စိတ်ပင်ပန်းလာတိုင်း သူရောက်နေတဲ့နေရာ၊ သူလုပ်တဲ့နေတဲ့အလုပ်မှာ ဘာကိုမှအများကြီးမတွေးဘဲ ပျော်အောင်နေနေတဲ့ညီ့ကို တခါတလေ ငါကတောင်ပြန်ပြီး အားကျနေရသလိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မတွေ့ရတာ ၁၀နှစ်ကျော်သွားပြီဆိုတော့ ညီနဲ့ပြန်တွေ့ချင်တယ်။ ပြန်တွေ့ဖြစ်ရင် ညီ့ကိုတစ်ခါလောက် ဖက်ထားချင်တယ်။ နှစ်ယောက်အတူတူ ဓါတ်ပုံတစ်ပုံလောက်ရိုက်ထားချင်တယ်။ အဲဒီလိုတွေ မပြောတတ်မလုပ်တတ်တဲ့သူတွေမို့ တကယ်တွေ့ကြရင်တော့ လုပ်ဖြစ်ချင်မှလည်း လုပ်ဖြစ်မှာပေါ့။ ငါသူ့အကြောင်း စာရေးထားတယ်ဆိုတာကိုလည်း ပြောပြပြီးပေးဖတ်ချင်ပေမယ့် ဖတ်ပြီးရင်လည်း နားလည်ချင်မှနားလည်မယ့်သူဆိုတော့ သူ့ရဲ့ညီမကလေးက သူ့အစ်ကိုကို ချစ်ကြောင်းပြဖို့ သူနားလည်ပြီးသိလောက်မယ့် တခြားနည်းကို ငါထပ်ရှာရဦးမှာပေါ့လေ။ ။


Jon Par Htaw

28th May 2022

Commenti


Fower_Bucket.png
  • facebook
  • instagram
  • youtube

Jon Par Htaw  | 2022

bottom of page