ချမ်းမြေ့၊ နီထွေးနဲ့ ချောကလက်
- Jon Par Htaw
- Jan 8, 2022
- 1 min read
Updated: Jan 10, 2022

ချမ်းမြေ့ကနီထွေးရဲ့အချစ်ဆုံးသူငယ်ချင်းလေ။
နီထွေးမေမေမြို့ကြီးကနေဝယ်လာတဲ့ချောကလက်ကို ချမ်းမြေ့ဖို့ဆိုပြီး ကျောင်းယူသွားပေးတော့ ချမ်းမြေ့ကနီထွေးကို မျက်လုံးနီနဲ့ကြည့်ပြီး တွန်းထုတ်တယ်။ နောက်ပြန်လဲကျသွားတဲ့ နီထွေးက မျက်ရည်တွေဝိုင်းပြီး ချမ်းမြေ့ကိုနားမလည်ကြည့်တယ်။ အဲတော့မှ ချမ်းမြေ့ကနီထွေးကိုပြန်ထူပေးပြီး နီထွေးတို့အတူတူထိုင်နေကျ ကျောင်းနောက်က ရေကန်ပျက်ကြီးနားသွားထိုင်ကြတယ်။
ချမ်းမြေ့မေမေဆေးရုံတက်တုန်းက သူ့မေမေနားမှာထိုင်ငိုနေတဲ့ချမ်းမြေ့ကို ဆရာဝန်က ချောကလက်ကျွေးပြီးချော့တယ်တဲ့။ ပြီးတာနဲ့ သူ့မေမေကို ထော်လီနဲ့တွန်းသွားပြီး အခန်းထဲဝင်သွားကြတယ်တဲ့။ ချမ်းမြေ့ဖေဖေနဲ့ ချမ်းမြေ့ အခန်းရှေ့မှာ အကြာကြီးစောင့်ပြီး ဆရာဝန်ပြန်ထွက်လာတော့ ချမ်းမြေ့မေမေပြန်မပါလာတော့ဘူးတဲ့။ ဒေါသထွက်နေတဲ့ ချမ်းမြေ့ဖေဖေက ဆရာဝန်ကိုလက်သီးနဲ့ရွယ်ပြီး ကျူပ်မိန်းမကိုပြန်ခေါ်ပေးလို့ အော်ပြီးငိုတယ်တဲ့။ အဲဒီနေ့ကစပြီး ချမ်းမြေ့ကသူ့မေမေကိုပြန်မတွေ့ရတော့ဘူးတဲ့။ ဆရာဝန်က ချမ်းမြေ့တို့ဆီကနေ မေမေ့ကိုချောကလက်နဲ့လဲသွားတယ်လို့ ချမ်းမြေ့ကထင်တယ်တဲ့။ အဲတာကြောင့် ချမ်းမြေ့က သူချစ်တဲ့သူတွေနဲ့လဲရမှာစိုးလို့ ချောကလက်တွေကိုမစားရဲဘူးတဲ့လေ။
နီထွေးက စိတ်မကောင်းဖြစ်သွားပြီး လွယ်အိတ်ထဲမှာကျန်နေတဲ့ ချောကလက်နောက်တစ်တောင့်ကို ချမ်းမြေ့ကိုပေးတော့ ချမ်းမြေ့ကမယူဘဲ မျက်ရည်တွေကျရင်း ချောကလက်ကိုစိုက်ကြည့်နေတယ်။ “နီထွေးက ချမ်းမြေ့ဆီကနေ ချောကလက်နဲ့လဲပြီး ဘာမှမယူပါဘူး” လို့ပြောတော့မှ ခေါင်းလေးငြိမ့်၊ မျက်ရည်တွေသုတ်ပြီး ချောကလက်ကိုစားရှာတယ်။
နောက်... ရက်တွေကြာတော့ နီထွေးတို့အိမ်မှာပွဲလုပ်တယ်။ လူတွေအများကြီးလာကြတယ်။ မေမေတစ်ယောက်တည်း ဧည့်မခံနိုင်လို့ထင်တယ်။ ချမ်းမြေ့ဖေဖေကပါ ကူပြီးဧည့်ခံပေးနေတာတွေ့တယ်။ လူကြီးတွေများတဲ့ပွဲမို့လို့လားတော့မသိဘူး။ ချမ်းမြေ့မလာဘူး။ နီထွေးကတော့ ရေခဲမုန့်တွေအများကြီးစားရလို့ရယ်၊ ပူဖောင်းတွေအများကြီးရလို့ရယ်၊ ပွဲကိုလာတဲ့သူတွေယူလာပေးတဲ့ လက်ဆောင်ထုတ်တွေထဲက နီထွေးကြိုက်တဲ့ နှစ်ထုတ်ယူခွင့်ရှိတယ်လို့ မေမေကခွင့်ပေးလို့ရယ် ပျော်နေတာပေါ့။ လက်ဆောင်ထုတ်နှစ်ခုထဲက တစ်ခုကို ချမ်းမြေ့အတွက်ယူသွားပေးမယ်လို့တွေးထားတယ်။
ပွဲပြီးလို့ဧည့်သည်တွေအကုန်ပြန်သွားပေမယ့် ချမ်းမြေ့ရဲ့ဖေဖေက မေမေ့အခန်းထဲမှာပဲဆက်နေနေလို့ “ဦး... မပြန်သေးဘူးလား” လို့မေးတော့ ချမ်းမြေ့ရဲ့ဖေဖေက နီထွေးကိုပြုံးပဲပြုံးပြတယ်။ မေမေက “လှမေရေ... ကလေးကိုလာခေါ်” လို့ပြောလို့ မမလှမေနောက် လိုက်သွားရတယ်။
ညနေကျတော့ မမလှမေက နီထွေးကိုစာတစ်စောင်ပေးတယ်။ ချမ်းမြေ့ပေးလိုက်တာတဲ့။ ချမ်းမြေ့ရဲ့စာက တစ်ကြောင်းပဲပါတယ်။ ချမ်းမြေ့ဘာရေးထားတာလဲဆိုတာ နီထွေးနားမလည်ဘူး။ ချမ်းမြေ့ကိုသွားမေးမလို့ ချမ်းမြေ့တို့အိမ်ကိုလိုက်ပို့လို့ဆိုတော့ ချမ်းမြေ့ကမနေ့ကတည်းက သူ့ဒေါ်လေးတွေနေတဲ့မြို့ကိုသွားပြီလို့ မမလှမေကပြောတယ်။ ချမ်းမြေ့ပြန်လာမှပဲ မေးတော့တဲ့။ ဒါပေမယ့် နောက်နေ့ကျတော့ မေမေကနီထွေးကို “နီထွေးဆီကို မေမေမကြာမကြာလာလည်မယ်နော်” လို့ပြောပြီး ဖွားဖွားတို့နေတဲ့မြို့ကိုပို့လိုက်တယ်။ အဲဒီကတည်းက ချမ်းမြေ့ကိုနီထွေးမတွေ့ရတော့တာပဲ။ ချမ်းမြေ့စာကိုတော့ နီထွေးခဏခဏထုတ်ဖတ်ကြည့်တယ်။
“နီထွေး... နင် ငါ့ဖေဖေကို ချောကလက်နဲ့လဲသွားတယ်” တဲ့။ ။
_Jon Par Htaw_
Illustrated by Kevin Thet
Comments